OJV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Psalms 119 - Burmese - Old Judson Version - Bible.is - MYAOJV

  1  ထာဝရဘုရား၏ တရားလမ်း၌ မလွဲမတိမ်း၊ လိုက်သွားသော သူတို့သည် မင်္ဂလာရှိကြ၏။   2  သက်သေခံတော်မူချက်တို့ကို စောင့်၍၊ ကိုယ်တော်ကို စိတ်နှလုံး အကြွင်းမဲ့ရှာသော သူတို့သည် မင်္ဂလာရှိကြ၏။   3  ထိုသူတို့သည် ဒုစရိုက်ကိုမပြု၊ လမ်းခရီးတော်၌ လိုက်သွား တတ်ကြ၏။   4  အကျွန်ုပ်တို့သည် ကြိုးစား၍ ကျင့်ဘို့ရာ၊ ကိုယ်တော်သည် ဩဝါဒပေးတော်မူပြီ။   5  ကိုယ်တော်၏ အထုံးအဖွဲ့များကို စောင့်နိုင်မည် အကြောင်း၊ အကျွန်ုပ်သည် လမ်းဖြောင့်ပါစေသော။   6  အကျွန်ုပ်သည် ပညတ်တော် အလုံးစုံတို့ကို ထောက်ထားသောအခါ၊ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ် ရပါ၏။   7  ဖြောင့်မတ်စွာ စီရင်တော်မူချက်များကို အကျွန်ုပ်လေ့ကျက်ပြီးမှ၊ ဂုဏ်တော်ကို ဖြောင့်သော သဘောနှင့် ချီးမွမ်းပါမည်။   8  ကိုယ်တော်၏ အထုံးအဖွဲ့များကို စောင့်ပါမည်။ အကျွန်ုပ်ကို ရှင်းရှင်းစွန့်ပစ်တော် မမူပါနှင့်။   9  လူပျိုသည် မိမိသွားသောလမ်းကို အဘယ်သို့ သန့်ရှင်းစေနိုင်ပါမည်နည်းဟူမူကား၊ နှုတ်ကပတ်တော် အတိုင်း သတိပြုရမည်။   10  အကျွန်ုပ်သည် ကိုယ်တော်ကို စိတ်နှလုံးအကြွင်း မဲ့ရှာပါ၏။ ပညတ်တော်လမ်းမှ လွဲစေတော်မမူပါနှင့်။   11  ကိုယ်တော်ကို မပြစ်မှားဘဲ နေနိုင်မည် အကြောင်း၊ ဗျာဒိတ်တော်ကို နှလုံးထဲမှာ သိုထားပါပြီ။   12  အို ထာဝရဘုရား၊ ကိုယ်တော်သည် မင်္ဂလာရှိတော် မူ၏။ အထုံးအဖွဲ့တော်တို့ကို အကျွန်ုပ်၌ သွန်သင် တော်မူပါ။   13  စီရင်တော်မူရာ နှုတ်တော်ထွက် အလုံးစုံတို့ကို အကျွန်ုပ်သည် ကိုယ်နှုတ်နှင့် ဟောပြောပါ၏။   14  ခပ်သိမ်းသော စည်းစိမ်ဥစ္စာကို ရဘိသကဲ့သို့၊ သက်သေခံတော်မူရာလမ်း၌ ဝမ်းမြောက်ပါ၏။   15  ပေးတော်မူသော ဩဝါဒကို ဆင်ခြင်၍ လမ်း ခရီးတော်တို့ကို ကြည့်ရှုပါ၏။   16  အထုံးအဖွဲ့တော်တို့၌ မွေ့လျော်ပါ၏။ နှုတ်ကပတ်တော်ကို မမှတ်ဘဲမနေပါ။   17  ကိုယ်တော်၏ ကျွန်သည် အသက်ရှင်၍၊ နှုတ်ကပတ်တော်ကို စောင့်နိုင်ပါမည်အကြောင်း၊ ကျေးဇူး ပြုတော်မူပါ။   18  တရားတော်၌ အံ့ဘွယ်သောအရာတို့ကို မြင်နိုင် ပါမည်အကြောင်း၊ အကျွန်ုပ်၏မျက်စိတို့ကို ဖွင့်တော်မူပါ။   19  အကျွန်ုပ်သည် မြေကြီးပေါ်မှာ ဧည့်သည်ဖြစ်ပါ ၏။ ပညတ်တော်တို့ကို ဝှက်ထားတော်မမူပါနှင့်။   20  စီရင်တော်မူချက်တို့ကို အစဉ်မပြတ် တောင့်တ သောအားဖြင့်၊ အကျွန်ုပ်၏ စိတ်နှလုံးကြေကွဲလျက် ရှိပါ၏။   21  မာနကြီးသောသူနှင့် ပညတ်တော်တို့ကို လွန်ကျူး၍၊ အကျိန်ခံရသော သူတို့ကို ကိုယ်တော် ဆုံးမတော်မူ၏။   22  အကျွန်ုပ်သည် သက်သေခံတော်မူချက်တို့ကို စောင့်ပါသည် ဖြစ်၍၊ ကဲ့ရဲ့ခြင်း၊ မထီမဲ့မြင်ပြုခြင်းနှင့် ကင်းလွတ်စေတော်မူပါ။   23  မင်းတို့သည် အကျွန်ုပ်တဘက်၌ ထိုင်၍ပြောကြ ပါ၏။ ကိုယ်တော်၏ ကျွန်မူကား၊ အထုံးအဖွဲ့တော်တို့ကို ဆင်ခြင်လျက်နေပါ၏။   24  သက်သေခံတော်မူချက်တို့သည် အကျွန်ုပ် မွေ့လျော်ရာ၊ အကျွန်ုပ်တိုင်ပင်ရာ ဖြစ်ကြပါ၏။   25  အကျွန်ုပ်၏ အသက်သည် မြေမှုန့်၌ မှီဝဲလျက် ရှိပါ၏။ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်စေတော် မူပါ။   26  အကျွန်ုပ်သည် ကိုယ်အကျင့်တို့ကိုဘော်ပြ၍၊ ကိုယ်တော်သည် နားထောင်တော်မူပြီ။ အထုံးအဖွဲ့တော် တို့ကို အကျွန်ုပ်၌ သွန်သင်တော်မူပါ။   27  ပေးတော်မူသော ဩဝါဒလမ်းကို အကျွန်ုပ် နားလည်စေတော်မူပါ။ သို့ပြုလျှင် အံ့ဘွယ်သော အမှု တော်တို့ကို ဆင်ခြင်အောက်မေ့ပါမည်။   28  အကျွန်ုပ် ဝမ်းနည်းခြင်းအားဖြင့် စိတ်နှလုံး အရည်ယိုလျက် ရှိပါ၏။ နှုတ်ကပတ်တော်အတိုင်း တည်ကြည်စေတော်မူပါ။   29  မုသာလမ်းကို အကျွန်ုပ်ရှောင်ပါမည် အကြောင်း၊ ကယ်မ၍တရားတော်ကို ပေးသနားတော် မူပါ။   30  သစ္စာလမ်းကို အကျွန်ုပ်ရွေးပါပြီ။ စီရင်တော် မူချက်တို့ကို အကျွန်ုပ်ရှေ့မှာ ထားပါပြီ။   31  သက်သေခံတော်မူချက်တို့၌ မှီဝဲပါပြီ။ အို ထာဝရဘုရား၊ အရှက်ကွဲစေတော်မမူပါနှင့်။   32  အကျွန်ုပ်ဥာဏ်ကို ပွင့်စေတော်မူသည်ဖြစ်၍၊ ပညတ်တော်လမ်းသို့ အလျင်အမြန် လိုက်ပါမည်။   33  အို ထာဝရဘုရား၊ အထုံးအဖွဲ့တော်လမ်းကို အကျွန်ုပ်အား သွန်သင်တော်မူပါ။ အဆုံးတိုင်အောင် လိုက်သွားပါမည်။   34  ဥာဏ်ကို ပေးတော်မူပါ။ တရားတော်ကို စောင့်ပါမည်။ စိတ်နှလုံး အကြွင်းမဲ့စောင့်ပါမည်။   35  ပညတ်တော်လမ်း၌ အကျွန်ုပ်ကို ပို့ဆောင်တော် မူပါ။ ထိုလမ်းကို နှစ်သက်ပါ၏။   36  အကျွန်ုပ်စိတ်နှလုံးကို လောဘဘက်သို့မဟုတ်၊ သက်သေခံတော်မူချက်တို့ ဘက်သို့ ဆွဲတော်မူပါ။   37  အနတ္တကို ပမာဏမပြုစေခြင်းငှါ အကျွန်ုပ် မျက်စိကို အခြားသို့ လွှဲတော်မူပါ။ လမ်းခရီးတော်၌ အကျွန်ုပ်အသက်ရှင်စေတော်မူပါ။   38  ကိုယ်တော်ကို ကြောက်ရွံ့သော ကိုယ်တော်၏ ကျွန်၌ ဗျာဒိတ်တော်ကို တည်စေတော်မူပါ။   39  အကျွန်ုပ်ကြောက်သော ကဲ့ရဲ့ခြင်းကို ပယ် ပျောက်စေတော်မူပါ။ စီရင်တော်မူချက်တို့သည် ကောင်း မွန်ကြပါ၏။   40  ပေးတော်မူသော ဩဝါဒများကို တောင့်တပါ၏။ ဖြောင့်မတ်ခြင်းတရားတော်အားဖြင့် အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။   41  အို ထာဝရဘုရား၊ ဗျာဒိတ်တော်အတိုင်း ကရုဏာတော်တည်းဟူသော ကယ်တင်တော်မူခြင်း ကျေးဇူးတော်သည် အကျွန်ုပ်၌ ရောက်ပါစေသော။   42  ထိုသို့ အကျွန်ုပ်သည် နှုတ်ကပတ်တော်ကို ကိုးစားသည်ဖြစ်၍၊ ကဲ့ရဲ့သော သူ၏စကားကို ချေစရာအကြောင်း ရှိရပါလိမ့်မည်။   43  စီရင်တော်မူချက်တို့ကို အကျွန်ုပ် မြော်လင့်သည် ဖြစ်၍၊ အကျွန်ုပ်၏ နှုတ်ထဲက သစ္စာစကားကို အလျှင်း ရုပ်သိမ်းတော်မမူပါနှင့်။   44  ကိုယ်တော်၏တရားကို မခြားမလပ် အစဉ်အမြဲ ကျင့်စောင့်ပါမည်။   45  ပေးတော်မူသော ဩဝါဒများကို အကျွန်ုပ်ရှာဖွေ မေးမြန်းသည်ဖြစ်၍၊ အဆီးအတားမရှိဘဲ သွားလာရပါ၏။   46  သက်သေခံတော်မူချက်တို့ကို မင်းများထံမှာ ပြန်ပြော၍၊ ရှက်ကြောက်ခြင်းနှင့်ကင်းလွတ်ပါလိမ့်မည်။   47  အကျွန်ုပ်သည် နှစ်သက်သော ပညတ်တော်တို့၌မွေ့လျော်ပါမည်။   48  နှစ်သက်သော ပညတ်တော်တို့အား လက်တို့ကို ချီ၍၊ အထုံးအဖွဲ့တော်တို့ကို ဆင်ခြင် အောက်မေ့ပါမည်။   49  အကျွန်ုပ် မြော်လင့်စရာအကြောင်း၊ ကိုယ်တော် ၏ကျွန်၌ ထားတော်မူသော နှုတ်ကပတ်တော်ကို အောက်မေ့တော်မူပါ။   50  ဗျာဒိတ်တော်အားဖြင့် အကျွန်ုပ်အသက်ရှင် သည် ဖြစ်၍၊ ဆင်းရဲကိုခံရစဉ်တွင်၊ ထိုနှုတ်ကပတ်တော် သည် အကျွန်ုပ်သက်သာစရာအကြောင်းဖြစ်ပါ၏။   51  မာနကြီးသောသူတို့သည် အကျွန်ုပ်ကို အလွန် ကဲ့ရဲ့သော်လည်း၊ ကိုယ်တော်၏တရားလမ်းကို အကျွန်ုပ်မရှောင်ပါ။   52  အို ထာဝရဘုရား၊ ရှေးကာလ၌ စီရင်တော်မူ ချက်တို့ကို အကျွန်ုပ် အောက်မေ့၍၊ ကိုယ်ကိုကိုယ် နှစ်သိမ့် စေပါ၏။   53  တရားတော်ကို စွန့်ပယ်သော အဓမ္မလူတို့ ကြောင့်၊ အကျွန်ုပ်၌ ပူလောင်သော စိတ်စွဲလန်းလျက် ရှိပါ၏။   54  အကျွန်ုပ်ဧည့်သည် နေရာအိမ်တွင် အထုံးအဖွဲ့ တော်တို့သည် အကျွန်ုပ်သီချင်းဆိုရာအကြောင်းဖြစ်ကြပါ၏။   55  အို ထာဝရဘုရား၊ ညဉ့်အချိန်၌ နာမတော်ကို အကျွန်ု အောက်မေ့၍ တရားတော်ကို စောင့်ပါ၏။   56  ပေးတော်မူသော ဩဝါဒများကို နားထောင် သောအားဖြင့် အားရပါ၏။   57  အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ အဘို့ဖြစ်တော်မူ၏။ နှုတ်ကပတ်စကားတော်တို့ကို နားထောင်ပါမည်ဟု အကျွန်ုပ်ပြောထားပါပြီ။   58  ကျေးဇူးတော်ကို ခံရပါမည်အကြောင်း၊ ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ တောင်းပန်ပါ၏။ ဗျာဒိတ်တော်အတိုင်း အကျွန်ုကို သနားတော်မူပါ။   59  ကိုယ်လိုက်ရာလမ်းကို ဆင်ခြင်သောအခါ၊ သက်သေခံတော်မူ ချက်တို့သို့ လှည့်၍လိုက်ပါ၏။   60  ပညတ်တော်တို့ကို စောင့်ခြင်းငှါ မဖင့်မနွှဲ အလျင်အမြန် ပြုပါ၏။   61  မတရားသောသူ အစည်းအဝေးတို့သည် ကျွန်ုပ်ကိုဝိုင်းကြသော်လည်း၊ အကျွန်ုပ်သည် တရား တော်ကို မမေ့မလျော့ပါ။   62  တရားသဖြင့် စီရင်တော်မူချက်တို့ကို ထောက် ၍၊ ဂုဏ်တော်ကို ချီးမွမ်းခြင်းငှါ၊ သန်းခေါင်အချိန်၌ အကျွန်ုပ် ထတတ်ပါ၏။   63  ကိုယ်တော်ကို ကြောက်ရွံ့သောသူ၊ ပေးတော်မူ သော ဩဝါဒကို နားထောင်သောသူရှိသမျှတို့နှင့် အကျွန်ုပ်ပေါင်းဘော်တတ်ပါ၏။   64  အိုထာဝရဘုရား၊ မြေကြီးသည် ကရုဏာတော် နှင့်ပြည့်ဝပါ၏။   65  အိုထာဝရဘုရား၊ နှုတ်ကပတ်တော်အတိုင်း ကိုယ်တော်၏ကျွန်၌ ကျေးဇူးပြုတော်မူ၏။   66  ပညတ်တော်တို့ကို အကျွန်ုပ်ယုံကြည်သည် ဖြစ်၍၊ ကောင်းသော ဥာဏ်နှင့် ပညာတော်အတတ်ကို သွင်းပေးတော်မူပါ။   67  အကျွန်ုပ်သည် ဆင်းရဲမခံမှီလမ်းလွဲပါ၏။ ယခုမူကား၊ ဗျာဒိတ် တော်အတိုင်း ကျင့်စောင့်ပါ၏။   68  ကိုယ်တော်သည် ကောင်းသောသဘော၊ ကျေးဇူး ပြုတတ်သော သဘောရှိတော်မူ၏။ အထုံးအဖွဲ့တော်တို့ကို အကျွန်ုပ်၌ သွန်သင်တော်မူပါ။   69  မာနကြီးသော သူတို့သည် အကျွန်ုပ်တဘက်၌ မုသာစကားကို ကြံစည်သော်လည်း၊ ကိုယ်တော်၏ ဥပဒေ သများကို စိတ်နှလုံးအကြွင်းမဲ့ကျင့်ပါ၏။   70  သူတို့နှလုံး သည် ဆီဥကဲ့သို့ ခဲလျက်ရှိ၏။ အကျွန်ုပ်မူကား၊ ကိုယ်တော်၏တရား၌ မွေ့လျော်ပါ၏။   71  အထုံးအဖွဲ့တော်တို့ကို သွန်သင်စေခြင်းငှါ၊ အကျွန်ုပ်ဆင်းရဲခံရသော ကျေးဇူးသည် ကြီးပါ၏။   72  နှုတ်တော်ထွက် တရားတော်သည် ရွှေငွေ အထောင်အသောင်းထက်မက၊ အကျွန်ုပ်၌သာ၍ ကောင်းပါ၏။   73  ကိုယ်တော်၏ လက်တို့သည် အကျွန်ုပ်ကို ဖန်ဆင်း၍၊ ပုံသဏ္ဍာန်ကိုပေးတော်မူပြီ။ ပညတ်တော် တို့ကို အကျွန်ုပ်သင်နိုင်သော ဥာဏ်နှင့် ပြည့်စုံစေ တော်မူပါ။   74  နှုတ်ကပတ်တော်ကို အကျွန်ုပ် မြော်လင့်သော ကြောင့်၊ ကိုယ်တော်ကို ကြောက်ရွံ့သောသူတို့သည် အကျွန်ုပ်ကို မြင်၍ ဝမ်းမြောက်ကြပါလိမ့်မည်။   75  အို ထာဝရဘုရား၊ စီရင်တော်မူချက်တို့သည် ဟုတ်မှန်ကြောင်းကို၎င်း၊ သစ္စာတော်နှင့်အညီ အကျွန်ုပ် ကို ဆင်းရဲစေတော်မူကြောင်းကို၎င်း အကျွန်ုပ်သိပါ၏။   76  ကိုယ်တော်၏ ကျွန်၌ မိန့်တော်မူချက်အတိုင်း၊ ကရုဏာတော်သည် အကျွန်ုပ်ကို ချမ်းသာပေးပါစေသော ဟု ဆုတောင်းပါ၏။   77  ကိုယ်တော်၏ တရားသည် အကျွန်ုပ်မွေ့လျော် ရာဖြစ်ပါ၏။ ထိုကြောင့် အကျွန်ုပ်အသက်ရှင်မည် အကြောင်း၊ သနားစုံမက်တော်မူခြင်းသည် သက်ရောက် ပါစေသော။   78  မာနကြီးသော သူတို့သည် ရှက်ကြောက်ကြပါ စေသော။ အကြောင်းမရှိဘဲ အကျွန်ုပ်၌ မတရားသဖြင့် ပြုကြပါပြီ။ အကျွန်ုပ်မူကား ကိုယ်တော်၏ ဥပဒေသများကို ဆင်ခြင်အောက်မေ့ပါမည်။   79  ကိုယ်တော်ကို ကြောက်ရွံ့သောသူ၊ သက်သေ ခံတော်မူချက်တို့ကို သိသောသူတို့သည် အကျွန်ုပ်ထံသို့ လှည့်ကြပါစေသော။   80  ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်မည် အကြောင်း၊ အကျွန်ုပ်နှလုံးသည် အထုံးအဖွဲ့တော်တို့၌ စုံလင်ပါစေသော။   81  အကျွန်ုပ်၏ ဝိညာဉ်သည် ကယ်တင်တော်မူခြင်း ကျေးဇူးကို တောင့်တလျက်နှင့် ခွန်အားလျော့ပါ၏။ သို့သော်လည်း၊ နှုတ်ကပတ်တော် ကိုမြော်လင့်ပါ၏။   82  အကျွန်ုပ်ကို အဘယ်ကာလမှ ချမ်းသာပေး တော်မူပါမည်နည်းဟူ၍၊ အကျွန်ုပ်မျက်စိတို့သည် ဗျာဒိတ်တော်ကို မြော်လင့်လျက်အားကုန်ပါ၏။   83  မီးခိုး၌ရှိသော သားရေဘူးကဲ့သို့ အကျွန်ုပ်ဖြစ်ပါ ၏။ သို့သော်လည်း၊ အထုံးအဖွဲ့တော်တို့ကို မမေ့မလျော့ပါ။   84  ကိုယ်တော်၏ ကျွန်နေရသော နေ့ရက်ကာလ အဘယ်မျှလောက် ကြာရပါမည်နည်း။ အကျွန်ုပ်ကို ညှဉ်းဆဲသောသူတို့အား၊ အဘယ်ကာလမှ တရားဆုံးဖြတ် တော်မူမည်နည်း။   85  မာနကြီးသောသူ၊ ကိုယ်တော်၏ တရားကို လွန်ကျူးသော သူတို့သည် အကျွန်ုပ်အဘို့တွင်းများကို တူးကြပါပြီ။   86  အလုံးစုံသော ပညတ်တော်တို့သည် သစ္စာနှင့် ပြည့်စုံကြပါ၏။ သူတပါးတို့သည် အကြောင်းမရှိဘဲ အကျွန်ုပ်ကိုညှဉ်းဆဲကြသည် ဖြစ်၍၊ မစတော်မူပါ။   87  သူတို့သည် အကျွန်ုပ်ကို မြေကြီးပေါ်က သုတ်သင်ပယ်ရှင်းလုပါပြီ။ သို့သော်လည်း၊ ကိုယ်တော်၏ ဥပဒေသများကို အကျွန်ုပ်မစွန့်ပါ။   88  ကရုဏာတော်ရှိသည်အတိုင်း အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။ နှုတ်တော်ထွက် ဗျာဒိတ်တော် ကို စောင့်ပါမည်။   89  အိုထာဝရဘုရား၊ နှုတ်ကပတ်တော်သည် ကောင်းကင်ဘုံ၌ အစဉ်အမြဲတည်ပါ၏။   90  သစ္စာတော်သည် လူမျိုးအဆက်ဆက် မြဲမြံပါ၏။ မြေကြီးကို တည်စေတော်မူသဖြင့်၊ သူသည်အမြဲနေပါ၏။   91  ခပ်သိမ်းသောအရာတို့သည် ကိုယ်တော်၏ ကျွန်ဖြစ်၍ စီရင်တော်မူသည်နှင့်အညီ၊ ယနေ့တိုင်အောင် အမြဲနေကြပါ၏။   92  အကျွန်ုပ်သည် ကိုယ်တော်၏ တရား၌မွေ့လျော် ခြင်းမရှိလျှင်၊ အထက်ကဆင်းရဲခံစဉ် ပျက်စီးပါပြီ။   93  ကိုယ်တော်၏ ဥပဒေများကို အစဉ်မမေ့မလျော့ နိုင်ပါ။ အကြောင်းမူကား၊ ထိုဥပဒေသများအားဖြင့်၊ အကျွန်ုပ်ကို အသက်ရှင်စေ တော်မူ၏။   94  အကျွန်ုပ်သည် ကိုယ်တော်၏ ကျွန်ဖြစ်ပါ၏။ ကိုယ်တော်၏ ဥပဒေသများကို ရှာဖွေလိုက်စစ်သော ကြောင့် အကျွန်ုပ်ကို ကယ်တင်တော်မူပါ။   95  အကျွန်ုပ်ကို ဖျက်ဆီးခြင်းငှါ၊ မတရားသော သူတို့သည် စောင့်လျက်နေကြပါ၏။ သို့သော်လည်း၊ သက်သေခံတော်မူချက်တို့ကို အကျွန်ုပ်ဆင်ခြင် အောက် မေ့ပါမည်။   96  ခပ်သိမ်းသော စုံလင်ခြင်း၏ အဆုံးကို အကျွန်ုပ် မြင်ပါပြီ။ ပညတ်တရားတော်မူကား၊ အလွန်ကျယ်ဝန်း ပါ၏။   97  ကိုယ်တော်၏တရားကို အကျွန်ုပ်သည် အလွန် နှစ်သက်ပါ၏။ တနေ့လုံးဆင်ခြင်အောက်မေ့လျက် နေပါ၏။   98  ပညတ်တရားတော်သည် အကျွန်ုပ်၏ ရန်သူတို့ ထက်၊ အကျွန်ုပ်ကိုသာ၍ ပညာရှိစေပါ၏။ ပညတ်တရား တော်သည် အကျွန်ုပ်၌ အစဉ်တည်ပါ၏။   99  သက်သေခံတော်မူချက်တို့ကို အကျွန်ုပ်သည် ဆင်ခြင်အောက်မေ့သောကြောင့်၊ အကျွန်ုပ်၏ ဆရာ အပေါင်းတို့ထက်သာ၍ နားလည်ပါ၏။   100  ကိုယ်တော်၏ ဥပဒေသများကို စောင့်သော ကြောင့်၊ အသက်ကြီးသူတို့ထက်သာ၍ ဥာဏ်ကောင်း ပါ၏။   101  နှုတ်ကပတ်တော်ကို စောင့်လိုသောငှါ၊ မကောင်း သောလမ်း ရှိသမျှတို့ကို လွှဲရှောင်ပါ၏။   102  ကိုယ်တော်သည် သွန်သင်တော်မူသောကြောင့်၊ စီရင်တော်မူချက်တို့မှ အကျွန်ုပ်လွှဲ၍ မသွားပါ။   103  မိန့်တော်မူချက်တို့သည် အကျွန်ုပ်အာခေါင်၌ အလွန်ချိုကြပါ၏။ ခံတွင်းထဲမှာ ပျားရည်ထက်သာ၍ ချိုကြပါ၏။   104  ကိုယ်တော်၏ ဥပဒေသများအားဖြင့်၊ အကျွန်ုပ် သည် ဥာဏ်တိုး ပွား၍၊ မိစ္ဆာလမ်းရှိသမျှတို့ကို မုန်းပါ၏။   105  နှုတ်ကပတ်တော်သည် အကျွန်ုပ်ခြေရှေ့မှာ မီးခွက်ဖြစ်၍၊ အကျွန်ုပ်လမ်းခရီးကို လင်းစေပါ၏။   106  ဖြောင့်မတ်စွာ စီရင်တော်မူချက်တို့ကို စောင့်ပါ မည်ဟု အကျွန်ုပ်ကျိန်ဆိုသည် အတိုင်းပြုပါမည်။   107  အို ထာဝရဘုရား၊ အကျွန်ုပ်သည် အလွန် ဆင်းရဲခြင်းကို ခံရပါ၏။ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်စေတော်မူပါ။   108  အိုထာဝရဘုရား၊ အကျွန်ုပ်သည် စေတနာ စိတ်ရှိ၍၊ ကိုယ်နှုတ်နှင့်ဆက်သော ပူဇော်သက္ကာတို့ကို နှစ်သက်တော်မူပါ၏။ စီရင်တော်မူချက်တို့ကိုလည်း၊ အကျွန်ုပ်၌ သွန်သင်တော်မူပါဟု တောင်းပန်ပါ၏။   109  အကျွန်ုပ်အသက်သည် ကိုယ်လက်၌ အစဉ်ရှိ ပါ၏။ သို့သော်လည်း၊ တရားတော်ကို မမေ့မလျော့ပါ။   110  မတရားသော သူတို့သည် အကျွန်ုပ်ဘို့ ကျော့ ကွင်းကို ထောင်ထားကြပါ၏။ သို့သော်လည်း၊ ကိုယ်တော် ၏ ဥပဒေသများမှ လွှဲ၍ မသွားပါ။   111  သက်သေခံတော်မူချက်တို့သည် အကျွန်ုပ် နှလုံး ရွှင်လန်းရာ ဖြစ်၍၊ ကိုယ်အမွေဥစ္စာဘို့ အစဉ်အမြဲ ခံယူ ပါ၏။   112  အထုံးအဖွဲ့တော်တို့ကို အဆုံးတိုင်အောင် အစဉ် လိုက်ခြင်းအလိုငှါ၊ ကိုယ်စိတ်နှလုံးကို တိုက်တွန်းပါ၏။   113  အကျွန်ုပ်သည် အဓမ္မလူတို့ကို မုန်း၍၊ ကိုယ်တော်၏တရားကို နှစ်သက်ပါ၏။   114  ကိုယ်တော်သည် အကျွန်ုပ်၏ အကွယ်အကာ၊ အကျွန်ုပ်၏ ဒိုင်းလွှားဖြစ်တော်မူ၏။ နှုတ်ကပတ်တော်ကို မြော်လင့်လျက်နေပါ၏။   115  ဒုစရိုက်ကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်သွားကြ။ ငါသည် ဘုရားသခင်၏ ပညတ်တော်တို့ကို ကျင့်စောင် မည်။   116  အကျွန်ုပ်သည် အသက်ရှင်ပါမည် အကြောင်း၊ မိန့်တော်မူချက်အတိုင်း ထောက်မတော်မူပါ။ အကျွန်ုပ် မြော်လင့်ခြင်းအကြောင်းမှ မရှက်မကြောက်ပါစေနှင့်။   117  အကျွန်ုပ်သည် ချမ်းသာရပါမည်အကြောင်း မစတော်မူပါ။ အထုံးအဖွဲ့တော်တို့ကို အစဉ်အမြဲ ထောက် ရှုပါမည်။   118  အထုံးအဖွဲ့တော်တို့မှ လွှဲသွားသမျှသော သူတို့ ကို ပယ်တော်မူ၏။ သူတို့ပရိယာယ်သည် မုသာဖြစ်ပါ၏။   119  မတရားသော မြေသားအပေါင်းတို့ကို ချော်ကဲ့ သို့ မှတ်တော်မူ၏။ ထိုကြောင့် သက်သေခံတော်မူချက် တို့ကို အကျွန်ုပ်နှစ်သက်ပါ၏။   120  ကိုယ်တော်ကို ထိတ်လန့်သဖြင့်၊ အကျွန်ုပ်သည် ကြက်သီးမွေးညှင်းထ၍၊ စီရင်တော်မူချက်တို့မှာ ကြောက် ပါ၏။   121  အကျွန်ုပ်သည် တရားဆုံးဖြတ်ခြင်း၊ ဖြောင့်မတ် စွာ စီရင်ခြင်းကို ပြုပါပြီ။ ညှဉ်းဆဲသော သူတို့လက်၌ အကျွန်ုပ်ကို ပစ်ထားတော်မမူပါနှင့်။   122  ကိုယ်တော်၏ ကျွန်အဘို့အလိုငှါ အာမခံတော်မူ ပါ။ မာနကြီး သောသူတို့သည် အကျွန်ုပ်ကို မနှိပ်စက်ကြ ပါစေနှင့်။   123  ကယ်တင်တော်မူခြင်းကျေးဇူးကို၎င်း၊ ဖြောင့် မတ်ခြင်းတရားတော်နှင့်ယှဉ်သော ဗျာဒိတ်တော်ကို၎င်း၊ အကျွန်ုပ်မျက်စိသည် မျှော်၍ အားကုန်ပါပြီ။   124  ကရုဏာတော်ရှိသည်အတိုင်း၊ ကိုယ်တော်၏ ကျွန်၌ပြု၍၊ အထုံးအဖွဲ့တော်တို့ကို သွန်သင်တော်မူပါ။   125  အကျွန်ုပ်သည် ကိုယ်တော်၏ ကျွန်ဖြစ်ပါ၏။ သက်သေခံတော်မူချက်တို့ကိုနားလည်နိုင်သော ဥာဏ်ကို ပေးသနားတော်မူပါ။   126  အို ထာဝရဘုရား၊ စီရင်တော်မူချိန်ရောက်ပါပြီ။ သူတပါးများတို့သည် တရားတော်ကို ပယ်ကြပါ၏။   127  အကျွန်ုပ်မူကား၊ ပညတ်တော်တို့ကို ရွှေထက် မက၊ ရွှေစင်ထက် သာ၍ နှစ်သက်ပါ၏။   128  သို့ဖြစ်လျှင်၊ ကိုယ်တော်၏ ဥပဒေသအလုံးစုံတို့ သည် ဖြောင့်ကြသည်ဟုထင်မှတ်လျက်၊ မိစ္ဆာလမ်းရှိသမျှ တို့ကို မုန်းပါ၏။   129  သက်သေခံတော်မူချက်တို့သည် အံ့ဩဘွယ် ဖြစ်၍၊ အကျွန်ုပ်ဝိညာဉ်သည် စောင့်ရှောက်တတ်ပါ၏။   130  နှုတ်ကပတ်တော်ကို ဖွင့်ပြခြင်းသည် အလင်းကို ပေး၍၊ မလိမ္မာသောသူတို့ကို လိမ္မစေတတ်ပါ၏။   131  ပညတ်တော်တို့ကို အကျွန်ုပ် တောင့်တအားကြီး သဖြင့်၊ နှုတ်ကို ဖွင့်၍ ပန်းတိုက်ပါ၏။   132  နာမတော်ကို ချစ်သော သူတို့၌ ပြုတော်မူတတ် သည်အတိုင်း၊ အကျွန်ုပ်ကို ကြည့်ရှု၍ ကယ်မသနား တော်မူပါ။   133  မိန့်တော်မူချက် အစဉ်အတိုင်း အကျွန်ုပ်ခြေ လှမ်းတို့ကို ဖြောင့်စေတော်မူပါ။ အကျွန်ုပ်ကို အဘယ်မည် သော ဒုစရိုက်မျှအစိုးမရပါစေနှင့်။   134  လူတို့၏ ညှဉ်းဆဲခြင်းထဲက အကျွန်ုပ်ကို ရွေးနှုတ် တော်မူပါ။ ကိုယ်တော်၏ဥပဒေသများကို စောင့်ပါ မည်။   135  မျက်နှာတော်၏အလင်းကို ကိုယ်တော်၏ ကျွန် အပေါ်မှာ ထွန်းလင်းစေ၍၊ အထုံးအဖွဲ့တော်တို့ကို သွန်သင်တော်မူပါ။   136  သူတပါးများတို့သည် တရားတော်ကို မစောင့် သောကြောင့်၊ အကျွန်ုပ်မျက်စိတို့မှ မျက်ရည်သည် မြစ်ရေ ကဲ့သို့စီးပါ၏။   137  အို ထာဝရဘုရား၊ ကိုယ်တော်သည် ဖြောင့်မတ် တော်မူ၏။ စီရင်တော်မူချက်တို့သည် ဖြောင့်မတ်ကြ ပါ၏။   138  ထားတော်မူသော သက်သေခံတော်မူချက်တို့ သည်လည်း တရားနှင့်ညီ၍ သစ္စာမြဲကြပါ၏။   139  ရန်သူတို့သည် စကားတော်တို့ကို မေ့လျော့သော ကြောင့်၊ စွဲလန်းပူပန်ခြင်းစိတ်သည် အကျွန်ုပ်ကို ညှဉ်းဆဲ ပါ၏။   140  နှုတ်ကပတ်တော်သည် အလွန်စင်ကြယ်သည် ဖြစ်၍၊ ကိုယ်တော်၏ကျွန်သည် နှစ်သက်ပါ၏။   141  အကျွန်ုပ်သည် ငယ်သောသူ၊ မထီမဲ့မြင်ပြုခြင်း ကို ခံရသောသူ ဖြစ်ပါ၏။ သို့သော်လည်း၊ ကိုယ်တော်၏ ဥပဒေသများကို မမေ့မလျော့ပါ။   142  ဖြောင့်မတ်တော်မူခြင်းသည် နိစ္စထာဝရ ဖြောင့် မတ်ခြင်းဖြစ်ပါ၏။ ကိုယ်တော်၏တရားသည် သစ္စာ တရားဖြစ်ပါ၏။   143  ဆင်းရဲညှိုးငယ်ခြင်းသို့ရောက်သော်လည်း၊ ပညတ်တော်တို့သည် အကျွန်ုပ်မွေ့လျော်ရာဖြစ်ပါ၏။   144  သက်သေခံတော်မူချက်တို့သည် အစဉ်အမြဲ ဖြောင့်ကြပါ၏။ အကျွန်ုပ်သည် အသက်ရှင်ပါမည် အကြောင်း၊ ဥာဏ်ကိုပေးသနားတော်မူပါ။   145  အကျွန်ုပ်သည် စိတ်နှလုံးအကြွင်းမဲ့အော်ဟစ် ပါ၏။ အိုထာဝရဘုရား နားထောင်တော်မူပါ။ အထုံးအဖွဲ့တော်တို့ကို စောင့်ပါမည်။   146  ကိုယ်တော်ကို အော်ဟစ်ပါ၏။ ကယ်တင်တော် မူပါ။ သက်သေခံတော်မူချက်တို့ကို စောင့်ပါမည်။   147  မိုဃ်းမလင်းမှီ အကျွန်ုပ် အော်ဟစ်တတ်ပါ၏။ နှုတ်ကပတ်တော်ကို မြော်လင့်လျက်နေပါ၏။   148  ဗျာဒိတ်တော်တို့ကို ဆင်ခြင်အောက်မေ့လိုသော ငှါ၊ ညဉ့်ယံမလွန်မှီ အကျွန်ုပ်နိုးတတ်ပါ၏။   149  အို ထာဝရဘုရား၊ ကရုဏာတော်ရှိသည် အတိုင်း အကျွန်ုပ်စကားကို နားထောင်တော်မူပါ။ စီရင် တော်မူချက်နှင့်အညီ အကျွန်ုပ်ကို အသက်ရှင်စေတော် မူပါ။   150  မကောင်းသောအကြံအစည်၌ ကျင်လည်သော သူတို့သည် အနီးသို့ချဉ်းကြပါ၏။ သူတို့သည် ကိုယ်တော် ၏တရားနှင့် ဝေးကြပါ၏။   151  အို ထာဝရဘုရား၊ ကိုယ်တော်သည် နီးတော်မူ ၏။ အလုံးစုံသော ပညတ်တော်တို့သည် သစ္စာဖြစ်ကြ ပါ၏။   152  သက်သေခံတော်မူချက်တို့ကို အစဉ်အမြဲထား တော်မူကြောင်းကို၊ ရှေ့ဦးစွာမှစ၍ အကျွန်ုပ်သိပါ၏။   153  အကျွန်ုပ်ခံရသော ဆင်းရဲခြင်းကို ကြည့်ရှု၍၊ ကယ်နှုတ်တော်မူပါ။ ကိုယ်တော်၏တရားကို မမေ့ မလျော့ပါ။   154  အကျွန်ုပ် အမှုကို စောင့်၍ အကျွန်ုပ်ကိုရွေးနှုတ် တော်မူပါ။ ဗျာဒိတ်တော်အားဖြင့် အသက်ရှင်စေတော် မူပါ။   155  မတရားသောသူတို့သည် အထုံးအဖွဲ့တော်တို့ကို မရှာသောကြောင့်၊ ကယ်တင်ခြင်းနှင့် ဝေးကြပါ၏။   156  အိုထာဝရဘုရား၊ သနားစုံမက်တော်မူခြင်း သဘောသည် ကြွယ်ဝပါ၏။ စီရင်တော်မူချက်နှင့်အညီ၊ အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။   157  အကျွန်ုပ်ကို ညှဉ်းဆဲသောသူနှင့် ရန်ဘက်ပြု သော သူတို့သည် များကြပါ၏။ သို့သော်လည်း၊ အကျွန်ုပ် သည် သက်သေခံတော်မူချက်တို့မှ လွှဲ၍မသွားပါ။   158  သစ္စာမရှိသောသူတို့ကို အကျွန်ုပ်သည်မြင်၍ စိတ်နာပါ၏။ အကြောင်းမူကား၊ သူတို့သည် ဗျာဒိတ်တော် စကားကို နားမထောင်ဘဲ နေကြပါ၏။   159  ကိုယ်တော်၏ ဥပဒသများကို အကျွန်ုပ် နှစ်သက်ကြောင်းကို မှတ်တော်မူပါ။ အိုထာဝရဘုရား၊ ကရုဏာတော်ရှိသည်အတိုင်း၊ အကျွန်ုပ်ကို အသက်ရှင် စေတော်မူပါ။   160  နှုတ်ကပတ်တော်အလုံးစုံတို့သည် ဟုတ်မှန်ပါ ၏။ တရားသဖြင့် စီရင်တော်မူချက်ရှိသမျှတို့သည် အစဉ် အမြဲ တည်ကြပါ၏။   161  အစိုးရသော သူတို့သည် အကြောင်းမရှိဘဲ အကျွန်ုပ်ကို ညှဉ်းဆဲကြသော်လည်း၊ အကျွန်ုပ်စိတ်နှလုံး သည် စကားတော်ကို ကြောက်ရွံ့ပါ၏။   162  လက်ရဥစ္စာများကို တွေ့သကဲ့သို့ ဗျာဒိတ်တော် စကားကြောင့် အကျွန်ုပ်ဝမ်းမြောက်ပါ၏။   163  မုသာစကားကို ကြားပျင်းရွံရှာပါ၏။ တရား တော်ကိုကား နှစ်သက်ပါ၏။   164  ဖြောင့်မတ်စွာ စီရင်တော်မူချက်များကြောင့် ကိုယ်တော်ကို တရက်လျှင် ခုနစ်ကြိမ် ချီးမွမ်းတတ်ပါ၏။   165  တရားတော်ကို နှစ်သက်သော သူတို့၌ ကြီးစွာ သော ငြိမ်ဝပ်ခြင်း ရှိပါ၏။ သူတို့စိတ်ပျက်စရာအကြောင်း မရှိပါ။   166  အိုထာဝရဘုရား၊ ကယ်တင်တော်မူခြင်း ကျေးဇူး ကို အကျွန်ုပ်မြော်လင့်၍၊ ပညတ်တော်တို့ကို ကျင့်ပါ၏။   167  သက်သေခံတော်မူချက်တို့ကို အကျွန်ုပ်ဝိညာဉ် သည် စောင့်ပါ၏။ အလွန်နှစ်သက်ပါ၏။   168  ကိုယ်တော်၏ ဥပဒေသတို့နှင့် သက်သေခံတော် မူချက်တို့ကို စောင့်ပါ၏။ အကျွန်ုပ်အကျင့်ရှိသမျှတို့သည် ရှေ့တော်၌ရှိကြပါ၏။   169  အို ထာဝရဘုရား၊ အကျွန်ုပ် အော်ဟစ်သံသည် ရှေ့တော်သို့ ရောက်ပါစေသော။ နှုတ်ကပတ်တော် အတိုင်း ဥာဏ်ကို ပေးသနားတော်မူပါ။   170  အသနားခံသောစကားသည် ရှေ့တော်သို့ ရောက်ပါစေသော။ ဗျာဒိတ်တော်အတိုင်း အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ။   171  အထုံးအဖွဲ့တော်တို့ကို သွန်သင်တော်မူသော အခါ၊ အကျွန်ုပ်၏နှုတ်သည် ချီးမွမ်းခြင်းကို မြွက်ဆို ပါမည်။   172  အလုံးစုံသော ပညတ်တော်တို့သည် ဖြောင့်မတ် ပါသည်ဖြစ်၍၊ အကျွန်ုပ်လျှာသည် ဗျာဒိတ်တော်ကို သီချင်းဆိုပါမည်။   173  ကိုယ်တော်၏ ဥပဒေသများကို နှစ်သက်ပါ သည်ဖြစ်၍၊ လက်တော်သည် အကျွန်ုပ်ကို မစပါစေ သော။   174  အို ထာဝရဘုရား၊ ကယ်တင်တော်မူခြင်း ကျေးဇူးကို အကျွန်ုပ် တောင့်တပါ၏။ တရားတော်သည် လည်း အကျွန်ုပ်မွေ့လျော်ရာ ဖြစ်ပါ၏။   175  အကျွန်ုပ်သည် အသက်ရှင်၍၊ ကိုယ်တော်ကို ချီးမွမ်းပါစေသော။ စီရင်တော်မူချက်တို့သည် အကျွန်ုပ်ကို မစကြပါစေသော။   176  ပျောက်သော သိုးကဲ့သို့ အကျွန်ုပ်သည် လမ်းလွဲ ပါပြီ။ ကိုယ်တော်၏ ကျွန်ကိုရှာတော်မူပါ။ အကျွန်ုပ်သည် ပညတ်တော်တို့ကို မမေ့မလျော့ပါ။