OJV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Psalms 102 - Burmese - Old Judson Version - Bible.is - MYAOJV

  1  အိုထာဝရဘုရား၊ အကျွန်ုပ်၏ ပဌနာကို နားထောင်တော်မူပါ။ အကျွန်ုပ် အော်ဟစ်ခြင်းအသံ သည် ရှေ့တော်သို့ ရောက်ပါစေသော။   2  ဘေးရောက်သည်ကာလ၌ မျက်နှာတော်ကို အကျွန်ုပ်မှလွှဲတော် မမူပါနှင့်။ အကျွန်ုပ်ခေါ်သောအခါ နားထောင်တော်မူပါ။ အလျင်အမြန် ထူးတော်မူပါ။   3  အကြောင်းမူကား၊ အကျွန်ုပ်၏ နေ့ရက်ကာလ သည် မီးခိုးကဲ့သို့ ကုန်တတ်ပါ၏။ အကျွနုပ်၏ အရိုးတို့ သည် မီးချေးကဲ့သို့ ကျွမ်းကြပါ၏။   4  အကျွန်ုပ်၏နှလုံးသည် မြက်ပင်ကဲ့သို့ အထိ အခိုက်ခံရ၍၊ ညှိုးနွမ်းလျက် ရှိပါ၏။ အစာစားခြင်း ကိစ္စကိုပင် မေ့လျော့တတ်ပါ၏။   5  ကိုယ်ညည်းတွားခြင်း အသံကြောင့်၊ အကျွန်ုပ်၏ အရိုးတို့သည် အရေ၌ ကပ်လျက်ရှိကြပါ၏။   6  အကျွန်ုပ်သည် လွင်ပြင်၌နေသော ဝံပိုကဲ့သို့၎င်း၊ တော၌နေသော ဇိကွက်ကဲ့သို့၎င်း ဖြစ်ပါ၏။   7  အကျွန်ုပ်သည် အိမ်မိုးပေါ်မှာ တကောင်တည်း နေရသော ငှက်ကဲ့သို့ဖြစ်၍ စောင့်လျက်နေရပါ၏။   8  အကျွန်ုပ်ရန်သူတို့သည် တနေ့လုံးကဲ့ရဲ့ကြပါ၏။ အကျွန်ုပ်တဘက်၌ စော်ကားသော သူတို့သည် အကျွန်ုပ် ကို ပုံခိုင်း၍ ကျိန်ဆိုတတ်ကြပါ၏။   9  စိတ်တော်မပြေ၊   10  အမျက်ထွက် တော်မူသောကြောင့်၊ အကျွန်ုပ် သည် ပြာကိုမုန့်ကဲ့သို့ စားရပါ၏။ သောက်သောအခါ လည်း၊ မျက်ရည်ရော၍ သောက်ရပါ၏။ ကိုယ်တော်သည် အကျွန်ုပ်ကို ချီးမြှောက်ပြီးမှ အောက်သို့ ချတော်မူပြီ။   11  အကျွန်ုပ်၏နေ့ရက်တို့သည် ရှည်လျားသော အရိပ်ကဲ့သို့ဖြစ်၍၊ မြက်ပင်ကဲ့သို့ အကျွန်ုပ်ညှိုးနွမ်းပါ၏။   12  အိုထာဝရဘုရား၊ ကိုယ်တော်သည် နိစ္စထာဝရ ဖြစ်တော်မူ၏။ နာမတော်သည် ကာလအစဉ်အဆက် တည်ပါ၏။   13  ထတော်မူပါ။ ဇိအုန်မြို့ကို သနားတော်မူပါ။ ဇိအုန်မြို့ကို ကယ်မသနားရသောအချိန်၊ ချိန်းချက်တော် မူသော အချိန်ရောက်ပါပြီ။   14  ကိုယ်တော်၏ ကျွန်တို့သည် ထိုမြို့၏ ကျောက်ခဲ တို့ကိုပင် နှစ်သက်၍၊ သူ၏မြေမှုန့်ကိုပင် စုံမက်ကြပါ၏။   15  တပါးအမျိုးသားတို့သည် ထာဝရဘုရား၏ နာမတော်ကို၎င်း၊ လောကီရှင်ဘုရင်အပေါင်းတို့သည် ဘုန်းတော်ကို၎င်း ကြောက်ရွံကြပါလိမ့်မည်။   16  ထာဝရဘုရားသည် ဇိအုန်မြို့ကို တည်ထောင် ၍၊ ဘုန်းတော်နှင့်တကွ ထင်ရှားတော်မူလိမ့်မည်။   17  ကိုးကွယ်ရာမဲ့သောသူတို့ ဆုတောင်းခြင်း အကြောင်းကို မထီမဲ့မြင်မပြု၊ သူတို့၏ ပဌနာကို မှတ်တော်မူလိမ့်မည်။   18  ထိုအကြောင်းအရာကို နောက်ဖြစ်လတံ့သော လူမျိုးအဘို့ ရေးမှတ်ရမည်။ ပြုပြင်တော်မူလတံ့သော လူတို့သည် ထာဝရဘုရားကို ချီးမွမ်းကြလိမ့်မည်။   19  ချုပ်ထားသောသူ၏ ညည်းတွားသံကို နားထောင်ခြင်းငှါ၎င်း၊ သေရမည့် သူတို့ကို လွှတ်ခြင်းငှါ၎င်း၊ အတိုင်းတိုင်အပြည်ပြည်သော လူမျိုးတို့သည် ထာဝရဘုရား၏ နာမတော်နှင့် ဂုဏ်ကျေးဇူးတော်ကို ထင်ရှား စေခြင်းငှါ၎င်း၊ သန့်ရှင်းရာ ဌာနတော်အထွဋ်က ငုံ့ကြည့်တော်မူ၍၊ ကောင်းကင်ပေါ်က ထာဝရဘုရား သည် မြေကြီးကို ရှုမှတ်တော်မူ၏။   23  လမ်းခရီး၌ ငါ၏အစွမ်းကို လျော့စေခြင်းငှါ၎င်း၊ ငါ၏နေ့ရက်ကာလကို တိုစေခြင်းငှါ၎င်း ပြုတော်မူသော အခါ၊   24  ငါလျှောက်သော အချက်ဟူမူကား၊ အို အကျွန်ုပ် ၏ဘုရား၊ အကျွန်ုပ်ကို အသက်ပျိုစဉ်ပင် ပယ်ရှားတော် မမူပါနှင့်။ ကိုယ်တော်၏ နှစ်တို့သည် ကာလအစဉ် အဆက်မြဲကြပါ၏။   25  ကိုယ်တော်သည် ရှေ့ဦးစွာ၌ မြေကြီးကို တည် တော်မူပြီ။ မိုဃ်းကောင်းကင်သည်လည်း လက်တော်နှင့် ဖန်ဆင်းသောအရာဖြစ်ပါ၏။   26  ထိုအရာတို့သည် ပျက်စီးခြင်းသို့ ရောက်သော် လည်း ကိုယ်တော်သည် အမြဲတည်တော်မူ၏။ ထိုအရာ ရှိသမျှတို့သည် အဝတ်ကဲ့သို့ ဟောင်းနွမ်းခြင်းသို့ရောက်၍၊ ကိုယ်တော်သည် ဝတ်လုံကိုလဲသကဲ့သို့ လဲတော်မူသဖြင့်၊ ပြောင်းလဲခြင်းရှိကြသော်လည်း၊   27  ကိုယ်တော်သည် ပြောင်းလဲတော်မမူပါ။ အသက်တော်လည်း မကုန်မဆုံးရပါ။   28  ကိုယ်တော်ကျွန်တို့၏သားမြေးတို့သည် တည်၍၊ အမျိုးအနွယ်သည်လည်း ရှေ့တော်၌ မြဲမြံပါလိမ့်မည်။ ဆင်းရဲသောသူသည် ညှိုးငယ်သောစိတ်နှင့် ထာဝရဘုရား ရှေ့တော်၌ညည်းတွားမြည်တမ်း၍ပြုသော ပဌနာ။